စိတ်ထောင်ချောက်

တောနက်ကြီးပဲ ..
ငါ ဘယ်လိုလုပ် ဒီ တောနက်ထဲ ရောက်လာပါလိမ့် ..
ငါ ဘယ်ကို ထွက်လာမိလို့လဲ ..
ငါ တယောက်တည်း တနေရာရာကိုသွားချင်နေတဲ့ စိတ်ကူးရှိပေမယ့် ငါ သွားချင်တာ ပင်လယ်ကမ်းစပ်လို .. လယ်ကွင်းတွေဆီလို .. စမ်းချောင်းလေးဘေးနား အရိပ်ရ သစ်ပင်တွေလို ..
အင်း .. စမ်းချောင်းလေး ဘေးနား အရိပ်ရ သစ်ပင်တွေလို များ .. ဒီတောနက်ထဲမှာ ရှိနေမလားပဲ ..
ဒါပေမယ့် ဒီတောနက်ကြီးက မှောင်လွန်းတယ် ..
ပြီးတော့ အေးစက်နေတယ် .. ငါ အနွေးထည် ယူလာမိခဲ့ရင် ကောင်းသားလေ ..
ဒီလို တောနက်ကြီးထဲ ရောက်နေလိမ့်မယ်လို့မှ .. ငါ မတွေးမိပဲ .. ဘယ်လိုလုပ် အနွေးထည်ယူဖြစ်ခဲ့မလဲနော် ..
"ဘယ်သူမှ မရှိဘူးလား ဟင် .. "
ဟင် .. ငါအော်မေးလိုက်တဲ့အတိုင်း တခြားတယောက် အော်မေးလိုက်သလား ..
"ဟလို .. တယောက်ယောက်များ ရှိနေသလားဟင်"
တယောက်ယောက်များ ဒီတောနက်ထဲမှာ ငါနဲ့ အတူတူရှိနေသလား ..
အသက်ရှူ သံတွေပဲကြားမိသလိုလို .. ခြေနင်းလိုက်သံတွေပဲ ကြားမိသလိုလို ..
ငါ ခြေတလှမ်းလှမ်းတိုင်း ဘာလို့ နောက်ထပ်ခြေလှမ်းသံတွေ ကြားနေရတာလဲ .. ဒုက္ခပဲ .. ငါ့စိတ်က ထင်တာလား .. တကယ်ဖြစ်နေတာလား ..
မေမေရေ ... စိတ်ထဲက အော်ခေါ်လိုက်မိတယ် ..
အသံမှ ထပ်မထွက်ရဲတော့တာ .. ပါးစပ်က အော်ခေါ်မိလို့ .. တကယ်ပြန်ထူးသံ ကြားရရင် တော်သေးတယ် ..
ခုနကလို ကိုယ်ခေါ်တဲ့အတိုင်း ကိုယ်ပြောတဲ့အတိုင်း ပြန်ကြားနေရမှ .. ဒုက္ခ ..
အယ် .. နေဦး .. အဲ့တာ ပဲ့တင်ထပ်သံများ ဖြစ်မလား ..
ပဲတင်ထပ်သံဆို .. ဒီတောနက်ရဲ့ အဆုံးမှာ တောင်နံရံ ဒါမှ မဟုတ် .. ချောက်ကမ်းပါးလိုများ ရှိမလား ..
ငါ ထပ်သွားကြည့်ရမလား .. ချောက်ကမ်းပါးပဲဖြစ်ဖြစ် .. တောင်နံရံပဲဖြစ်ဖြစ် .. အနည်းဆုံးတော့ ငါ ဒီအေးစိမ့်နေတဲ့ တောနက်ထဲက ထွက်ခွင့် ရမှာပဲ ..
ငါ့ခြေထောက်တွေက ဘာလို့ ရွှေ့လို့ မရတာလဲ ..
ပုံပြင်တွေထဲကလို အမြစ်များ တွယ်နေပြီလား ..
ဟင့်အင်း .. အမြစ်လဲ တွယ်မနေပါဘူး ..
ငါ ဘာလို့ လမ်းလျှောက်လို့မရတာလဲဟင် ..
ဒုက္ခပဲ ..
"ကယ် ကြ ပါ"
ဘာ တုံ့ပြန်သံမှ မကြားရတော့ဘူး ..
ဒါဆို .. ခုနကကြားရတာ ငါ့ အသံရဲ့ ပဲ့တင်သံပေါ့ ..
ဟင် .. ဒါဆို အခု အဲ့ဒီပဲ့တင်သံတောင် မကြား၇တော့ဘူး ..
ဒါဆို ဒီတောနက်အပြင် .. ဘယ် တောင်နံရံ အနည်းဆုံးအနေနဲ့ ချောက်ကမ်းပါးတဖက်တောင် မရှိတော့ဘူးလားဟင် ..
ပြေးပါရစေ ..
ကိုယ် ဒီ အေးစက်စက်တောနက်ကြိးထဲကနေ ပြေးပါရစေ ..
ကိုယ့်ကို ဆွဲခေါ်ပါ ..
တစုံတယောက် ကိုယ့်ကို ဆွဲခေါ်ပါ ..
ကိုယ် ကို ဒီမြေကြီးကနေ လွတ်သွားအောင် ဆွဲ ခေါ် မ ကြပါ ..
ကိုယ့်ခြေထောက်တွေ ဘယ်လိုမှ မြှောက်မရတော့လို့ပါ ..
ဘယ်သူမှ .. မရှိ ကြ ဘူးလား .. ဟင် ..
ဟယ် .. လို ..
တယောက် ယောက် များ ရှိနေသလား ဟင် ..
#NweAyeMarzo ~  (Mi Nwe Aye)17/11/2015 12:11 PM
#FloatingThoughts

Comments

Popular posts from this blog

Tired of Praying

ငါးယောင်ဆောင်တဲ့ ပန်း